စစ်ကိုင်းတိုင်းအထက်ပိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်ဒေသအနားမှာရှိတဲ့ အာသံရိုင်ဖယ်တပ်ကို နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင် (NSCN-K/YA) အဖွဲ့က တိုက်ခိုက်တာကြောင့် ၃ ဦး သေဆုံးသွားတယ်လို့ NSCN-K (YA) က ထုတ်ပြန်ပါတယ်။
အိန္ဒိယနဲ့ မြန်မာနယ်စပ်မျဉ်းတစ်လျှောက် ပန်ဆောင်ဒေသအနားမှာ အိန္ဒိယဘက်က ခြံစည်းရိုးခတ်ဖို့အတွက် လုံခြုံရေးယူထားတဲ့ အာသံရိုင်ဖယ်တပ်ကို မတ်လ ၂၅ ရက် ညနေ ၅ နာရီ ၃၀ မိနစ်မှာ သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီနယ်စပ်မျဉ်းရဲ့ နှစ်ဖက်စလုံးမှာရှိတဲ့ နာဂလူမျိုးတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြပေမဲ့လည်း၊ အိန္ဒိယအစိုးရက အရေးမစိုက်ဘဲ ခြံစည်းရိုးတည်ဆောက်ရေးလုပ်ငန်းတွေကို ဆက်ပြီးလုပ်နေတယ်လို့ ဖော်ပြထားပါတယ်။
ဒါဟာ နာဂပြည်သူတွေအပေါ် အိန္ဒိယနိုင်ငံက ကျူးလွန်တဲ့ ထင်ရှားတဲ့ ရာဇဝတ်မှုဖြစ်ပြီး၊ အပြည်ပြည်ဆိုင်ရာနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေရဲ့ အခြေခံအကျဆုံး မူဝါဒတွေကို လုံးဝဂရုမစိုက်ဘဲ စော်ကားလိုက်တာပဲလို့ ဆိုပါတယ်။
နယ်စပ်မျဉ်းပေါ်မှာ ခတ်နေတဲ့ ခြံစည်းရိုးဟာ အကောင်အထည်ပေါ်လာမှာ မဟုတ်သလို နာဂလူမျိုးတွေကို ပိုပြီးရန်စသလိုပဲ ဖြစ်နေတာကိုလည်း အိန္ဒိယအစိုးရအနေနဲ့ ရှင်းရှင်းလင်းလင်း သိထားသင့်ပြီလို့ NSCN-K (YA) က ပြောပါတယ်။
နာဂလူမျိုးတွေဟာ မိမိတို့ရဲ့ ဂုဏ်သိက္ခာ၊ နယ်မြေနဲ့ လွတ်လပ်မှုကို ဆက်ပြီးကာကွယ်သွားမှာဖြစ်သလို၊ ဒီစီမံကိန်းကိုလည်း ဘယ်လိုအကြောင်းကြောင့်မှ လက်ခံမှာမဟုတ်ဘဲ ဆန့်ကျင်သွားမယ်လို့ ဆိုပါတယ်။
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင် (NSCN-K/YA) ဟာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဌာနချုပ်ထားပြီး၊ အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် လှုပ်ရှားနေတာဖြစ်သလို အိန္ဒိယအစိုးရကိုလည်း ဆန့်ကျင်တိုက်ခိုက်နေတဲ့အဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။