နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) က ခေါင်းဆောင်ပိုင်း နဲ့ တပ်ဖွဲ့ဝင် တချို့ကို NUG လက်အောက်ခံ အဖွဲ့တွေက ဖမ်းဆီးထားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ NUG/MOD နဲ့ တိုက်ရိုက်ညှိနှိုင်းနေတယ်လို့ SRA အဖွဲ့ဝင် BPLA ခေါင်းဆောင် မောင်ဆောင်းခက ၎င်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
SRA အဖွဲ့ဝင်ဖြစ်တဲ့ တမူးမြို့နယ်အခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) မှ ဦးစီးခေါင်းဆောင်ဖြစ်တဲ့ ကိုဇီးကွက်အပါဝင် ရဲဘော် ၅ ဦးကို အမှတ်(၁)စစ်ဒေသအတွင်း မတ်လ ၆ ရက်နေ့မှာ NUG လက်အောက်အဖွဲ့တွေက ဖမ်းဆီးခဲ့တာပါ။
မောင်ဆောင်းခ က “SRA အဖွဲ့ဝင် NLA ခေါင်းဆောင် ကိုဇီးကွက်နဲ့ ရဲဘော်တချို့ကို အမှတ်(၁)စစ်ဒေသက လက်နက်တွေသိမ်းပြီး ထိန်းသိမ်းထားပါတယ်။ ကျနော်တို့ SRA အနေနဲ့ကတော့ MOD စစ်ရုံးချုပ်နဲ့ တိုက်ရိုက်ညှိနှိုင်းဆွေးနွေးနေပါတယ်။ သူတို့ဘက်က အကောင်းဆုံးဖြေရှင်းပေးပါ့မယ်လို့ ပြောထားတဲ့အတွက် စောင့်နေဆဲဖြစ်ပါတယ်” လို့ ဆိုပါတယ်။
အလားတူ ဗိုလ်နဂါးဦးဆောင်တဲ့ BNRA ကို ဝင်တိုက်တုန်းကလည်း SRA အနေနဲ့ NUG/MOD ထံ တရားဝင်စာပေးပို့ပြီး လက်နက်နဲ့ မဖြေရှင်းဖို့ တိုက်တွန်းခဲ့ကြောင်း SRA ဦးဆောင်ကော်မတီဝင်တွေ နဲ့ ဗိုလ်နဂါးတို့ ညတွင်းချင်းပဲ တွေ့ဆုံပြီး ပြဿနာတွေကို ဆွေးနွေးအဖြေရှာခဲ့ကြသေးကြောင်း ပြောပါတယ်။
GZA က ရဲဘော်တချို့လည်း ပုလဲနယ်မြေမှာ ပိတ်မိနေတဲ့အကြောင်းသိရတဲ့အတွက် SRA အဖွဲ့ဝင်ဖြစ်တဲ့ GZA ကို အရင်ဆုံးဆွဲထုတ်ဖို့ညှိနှိုင်းနိုင်ခဲ့ကြောင်း၊ ၎င်းတို့အနေနဲ့ စခန်းမှာ ထားခဲ့ရတဲ့ ပစ္စည်းတချို့တော့ အခုချိန်အထိ ပြန်မရသေးပေမယ့် ရဲဘော်တွေအကုန် ဘေးလွတ်ရာကို နေ့ချင်းပဲ ရွှေ့ပြောင်းနိုင်ခဲ့တယ်လို့ မောင်ဆောင်းခ က ပြောပါတယ်။
အလားတူ GZA ရဲဘော်တွေ ရှမ်းမြောက်ဘက်မှာ ပိတ်မိနေတော့လည်း SRA အနေနဲ့ပဲ ရအောင်ညှိနှိုင်းပြီး လမ်းကြောင်းတွေ စီစဉ်ပေးခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ကြောင်းပြောပါတယ်။
မောင်ဆောင်းခ က “ဖြေရှင်းလိုတဲ့ ဆန္ဒကိုယ်စီရှိရင် ပြဿနာတွေက ပြေလည်နိုင်ပါတယ်။ ကျနော်တို့လည်း SRA ဖွဲ့စည်းပြီးကတည်းက အဖွဲ့ပေါင်းစုံရဲ့ပြဿနာကို တော်လှန်ရေးအကျိုးမျှော်ကိုးပြီး အကောင်းဆုံးဖြေရှင်းပေးနေပါတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က NUG နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) တို့ စစ်ရေး ကိစ္စရပ်တွေကို တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ရက်ပိုင်းအကြာ SRA အဖွဲ့ဝင်တွေကို NUG လက်အောက်ခံတပ်ဖွဲ့တွေက ဖမ်းဆီးမှု ပေါ်ပေါက်ခဲ့တာပဲ ဖြစ်ပါတယ်။