Home » NCA နှစ်ပတ်လည်နေ့ အခမ်းအနားကို SNA တက်ရောက်

NCA နှစ်ပတ်လည်နေ့ အခမ်းအနားကို SNA တက်ရောက်

by Homeland Author

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ၁၁ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ရှမ်းနီအမျိုးသားများ ညီညွတ်ရေးကောင်စီ/ရှမ်းနီအမျိုးသားများတပ်မတော် (SNUC/SNA) မှ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ အောက်တိုဘာ ၁၅ ရက်မှာ နေပြည်တော်ရှိ Horizon Lake View ဟိုတယ်မှာ ကျင်းပခဲ့တဲ့ အခမ်းအနားကို SNUC/SNA ဥက္ကဋ္ဌ စဝ်ဆေခွန်းအောင်နဲ့ အတွင်းရေးမှူး စဝ်ဆေစိုင်းထူးတို့ တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။

အလားတူ NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားခြင်း မရှိသေးတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) မှ ကိုယ်စားလှယ်တွေလည်း အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။

NCA စာချုပ်ကို သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ (ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အဲဒီနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်မှာ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့က NCA စာချုပ်မှာ ထပ်မံလက်မှတ်ရေးထိုးခဲ့ကြပါတယ်။

related posts

Leave a Comment