Home » SNA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ၁၃ ဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ဟု ပြော

SNA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ၁၃ ဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ဟု ပြော

by Homeland Author

ရှမ်းနီအမျိုးသားများတပ်မတော် (SNA) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAO) အဖွဲ့ ၁၃ ဖွဲ့နဲ့ ငြိမ်းချမ်းရေး ‌တွေ့ဆုံဆွေးနွေးနိုင်ခဲ့သည်ဟု ဦးမင်းအောင်လှိုင်က ပြောပါတယ်။

ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ ဧပြီ ၂၀ ရက်နေ့မှ ဇူလိုင် ၃၁ ရက်အထိ ရက် ၁၀၀ စီမံချက်အဖြစ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) တွေကို ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ခဲ့ပါတယ်။

ဒီနေ့ ဇူလိုင်လ (၃၁) ရက်နေ့၊ ရက် (၁၀၀) ပြည့်ခဲ့ပြီဖြစ်ပြီး ဦးမင်းအောင်လှိုင်က နိုင်ငံတော်အခြေပြ မိန့်ခွန်းပြောကြားရာမှာ အခုလို ထည့်သွင်းပြောကြားသွားတာ ဖြစ်ပါတယ်။

ဦးမင်းအောင်လှိုင်က “NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေနဲ့ မထိုးရသေးတဲ့ အဖွဲ့တွေအားလုံး မည်သည့် ကြိုတင်ကန့်သတ်ချက်ကိုမှ မထားဘဲ တွေ့ဆုံဆွေးနွေးကြဖို့ EAO တွေကို ငြိမ်းချမ်းရေးအတွက် ထပ်မံဖိတ်ခေါ်ခဲ့ပါတယ်။ ဒါကြောင့်မို့လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၃ ဖွဲ့တို့နဲ့ တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။

၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်နေ့မှာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ ရှမ်းနီအမျိုးသားများညီညွတ်ရေးကောင်စီ/ရှမ်းနီအမျိုးသားများ တပ်မတော် (SNUC/SNA) တို့ နေပြည်တော်မှာ ပထမဦးဆုံး ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အဲဒီနောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) နဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့ နဲ့လည်း ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အလားတူ NCA အပစ်ရပ် လက်မှတ် မရေးထိုးရသေးတဲ့ SNA အပါအဝင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) မိုင်းလား၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) နှင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန် (NSCN-K) တို့ တွေ့ဆုံခဲ့ကြပါတယ်။

တဖက်မှာလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ စစ်တပ်ရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုကို လက်မခံဘဲ ဆန့်ကျင် တိုက်ခိုက်လျက်ရှိနေတယ်လို့ သိရပါတယ်။

related posts

Leave a Comment