စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းက ဒေသခံစစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ရေး ရှမ်းနီဆရာတော်တွေ၊ ကတူးဆရာတော်တွေ နဲ့ ကတူးအရပ်ဖက်အဖွဲ့ကိုယ်စားပြုသူတွေ မတ်လ ၁၆ ရက်နေ့က Zoom ကနေတဆင့် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
စစ်ရှောင်ပြည်သူတွေ မိုးဦးမကျခင် လယ်လုပ်အမှီနေရပ်ပြန်နိုင်ရေး နဲ့ စစ်ရှောင်ပြည်သူတွေရဲ့ တပ်သားစုဆောင်းခြင်းရှိလာမှာကို စိုးရိမ်ပူပန်မှု အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ကတူးလူငယ်များအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ရှောင်ပြည်သူတွေ နေရပ်ပြန်ပြီး မိမိတို့ နေအိမ်တွေမှာ ပြန်လည်နေထိုင်ခွင့်ရရှိရေးအတွက် ရှမ်းနီဆရာတော်တွေမှလည်း တတ်နိုင်သမျှ ဝိုင်းဝန်းကူညီပေးမယ်လို့ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရှမ်းနီ၊ ကတူးချစ်ကြည်ရင်းနှီးမှုကို ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်သွားကြဖို့လည်း ဆွေးနွေးခဲ့ကြသလို့ စစ်ရှောင်ပြည်သူတွေ နေရပ်ပြန်နိုင်ရေး လုပ်ငန်းစဉ်ရေးဆွဲခြင်း အစည်းဝေးကို မတ်လ ၁၇ ရက်နေ့က ထပ်မံတွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။
စစ်ရှောင်ပြည်သူတွေဟာ နေရပ်စွန့်ခွါ၍ လမ်းသင့်ရာ စစ်ရှောင်လာကြရသည်မှာ လများစွာကြာမြင့်ခဲ့ပြီဖြစ်ပြီး ဘဝအခြေအနေ ဟန်ချက်ပျက်၍ ဒုက္ခများစွာကြုံတွေ့နေကြရပြီလို့ ပြောပါတယ်။
ဒါ့အပြင် စစ်ရှောင်ပြည်သူတွေ နေရပ်ပြန်၍ မိမိနေအိမ်တွေမှာ ပြန်လည်နေထိုင်ခွင့်ရရှိကာ လယ်ယာစိုက်ပျိုးရေးတွေ ပြန်လည်လုပ်ကိုင်ခွင့်ရရှိရေးအတွက် ပြည်သူတွေအပေါ် စာနာငဲ့ညှာထောက်ထားသောအားဖြင့် ကူညီပေးကြဖို့ကိုလည်း လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးကို တောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်နေ့က စတင်၍ KIA နဲ့ လက်အောက်ခံတပ်ဖွဲ့တွေဟာ ဗန်းမောက်မြို့ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် ဗန်းမောက်မြို့ပေါ်နေ ပြည်သူလူထုတွေ နဲ့ ကျေးလက်ဒေသနေပြည်သူထောင်ချီဟာ ဘေးကင်းရာသို့ တိမ်းရှောင်သွားခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီနောက် SNA နဲ့ တပ်တို့ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ဗန်းမောက်မြို့ကို အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး မတ် ၁၈ ရက်နေ့ကစ၍ ဗန်းမောက်မြို့သို့ ပြည်သူလူထုတွေ ပြန်လည်ဝင်ရောက် နေထိုင်နိုင်ဖြစ်ပြီတယ်လို့ SNA က ပြောကြားထားပါတယ်။