မကြာမီကာလ ကျင်းပမယ့် ရွေးကောက်ပွဲအလွန် အားလုံးမျှော်မှန်းထားတဲ့ ဒီမိုကရေစီ နဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးကို မျှော်မှန်းကာ မိမိတို့နှင့် လက်တွဲ၍ နိုင်ငံအကျိုး၊ ဒေသအကျိုးကို ဖော်ဆောင်ဖို့ ဆန္ဒရှိပါက PDF အပါအဝင် လက်နက်ကိုင်အုပ်စုတွေအားလုံးကို ကြိုဆိုလက်ခံသွားမယ်လို့ ဒီနေ့မှာ ထပ်မံထုတ်ပြန်လာပါတယ်။
၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းမှုတွေကို ဖြေရှင်းပေးဖို့ တောင်းဆိုမှုကို ငြင်းပယ်ခဲ့ပြီး ပြဿနာဖြစ်ပွားနေတဲ့ ရွေးကောက်ပွဲရလဒ်ဖြင့် လွှတ်တော်ခေါ်ယူဖို့ အတင်းအဓမ္မကြိုးပမ်းခဲ့မှုဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၇ အရ နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ရယူဖို့ ကြိုးပမ်းမှု ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်တပ်အနေဖြင့် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ချက်တွေကို အထင်အမြင်လွဲမှားအောင် ဝါဒမှိုင်းတိုက်ကာ ၎င်းတို့ကသာ ရွေးကောက်ခံအစိုးရအဖြစ် ပုံဖော်လျက် CRPH၊ NUG တို့ကို တရားမဝင်ဖွဲ့စည်းခဲ့ပြီး ပြည်သူလူထု နဲ့ လူငယ်လူရွယ်တွေကို လွဲမှားတဲ့ မျှော်လင့်ချက်တွေ ပေးပြီး လက်နက်ကိုင်လမ်းစဉ်ကို တွန်းပို့ခဲ့တယ်လို့ ဆိုပါတယ်။
၎င်းတို့ဟာ PDF ကို ဖွဲ့စည်းပြီး လက်နက်၊ ခဲယမ်းရရှိရေးအတွက် တချို့သော EAO တွေ လက်အောင်သို့ သွတ်သွင်းခဲ့ပြီး တချို့သော EAO တွေရဲ့ အကြမ်းဖက်လုပ်ငန်းတွေ လုပ်ဆောင်ခြင်း၊ နယ်မြေကျူးကျော်ခြင်း၊ ချဲ့ထွင်ခြင်းတွေအတွက် PDF တွေကို လက်ကိုင်တုတ်အဖြစ် အသုံးပြုစေကာ PDF တို့ရဲ့ ဘဝတွေကို စတေးခဲ့တယ်ဆိုပါတယ်။
လက်ရှိမှာ စစ်တပ် နဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ချက်တွေကြောင့် တချို့သော EAO တို့ဟာ ရပ်တည်ဖို့ ခက်ခဲလာကြပြီး PDF အမည်ခံတို့ဟာလည်း ပိုမိုဒုက္ခရောက်လာကြတယ်လို့ ဆိုပါတယ်။
ဒီမိုကရေစီ နောက်ပြန်ဆွဲနေခြင်းဟာ လက်နက်ကိုင်လမ်းစဉ်ကြောင့်ဖြစ်တာကို အမှန်အတိုင်း ရှုမြင်ကြဖို့ အချိန်တပ်ပြီးလို့ လို့ ဖိတ်ခေါ်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် PDF အပါအဝင် လက်နက်ကိုင်အုပ်စုတွေအနေဖြင့် စစ်တပ်နဲ့လက်တွဲ၍ နိုင်ငံအကျိုး၊ ဒေသအကျိုးကို ဖော်ဆောင်ဖို့ ဆန္ဒရှိပါက လက်ခံကြိုဆိုသွားမှာဖြစ်ပြီး တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ နီးစပ်ရာ တပ်စခန်းတွေ ဒေသအာဏာပိုင်တွေထံ ဆက်သွယ်ဆောင်ရွက်နိုင်တယ်လို့ ထပ်မံဖိတ်ဆောင်ထားပါတယ်။