Home » နမ့်တောဆေးရုံအတွက် လိုအပ်နေတဲ့ ကုတင်နဲ့ မီးစက်ကို SNA လှူဒါန်း

နမ့်တောဆေးရုံအတွက် လိုအပ်နေတဲ့ ကုတင်နဲ့ မီးစက်ကို SNA လှူဒါန်း

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟုမ္မလင်းမြို့နယ် နမ့်တောမြို့ရှိ တိုက်နယ်ဆေးရုံမှာ လိုအပ်နေတဲ့ လူနာကုတင်နဲ့ မီးစက်ကို ရှမ်းနီအမျိုးသားတပ်မတော် (SNA) က မနေ့က မတ်လ ၁၇ ရက်နေ့မှာ လှူဒါန်းခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

နမ့်တောတိုက်နယ်ဆေးရုံမှာ လူနာတွေ များပြားလာမှုနဲ့အတူ လိုအပ်တွေ ရှိလာတာကြောင့် ကုတင် ၁၀ လုံး၊ မီးစက် ၁ လုံးကို SNA တပ်မဟာ ၇၅၃ ကိုယ်စား စိုင်းနော်ခမ်းမှ လာရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် နမ့်တောမြို့ တိုက်နယ်ဆေးရုံကို ပိတ်ထားလိုက်ရကြောင်း၊ အဲဒီနောက် ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း လက်ရှိ ဆေးရုံကို ဖွင့်လှစ်ခဲ့တယ်လို့ အုပ်စုအုပ်ချုပ်ရေးမှူး စိုင်းအောင်ဇော်ဦးက Homeland News Agency ကို ပြောပါတယ်။

“နမ့်တောတိုက်နယ်ဆေးရုံက ဟုမ္မလင်း အထက်ပိုင်းမှာ မရှိမဖြစ် လိုအပ်တာဗျ၊ နိုင်ငံရေးအကျပ်အတည်း ဖြစ်ပြီးကတည်းက ဆေးရုံအဟောင်းက ပိတ်ထားရတာ၊ ၂၀၂၄ လောက်မှာ SNA တပ်မဟာ ၇၅၃ ကနေ စစ်ဆရာဝန်တွေ ခေါ်လာပြီး တလ သိန်း ၂၀၀ နဲ့ မတည်ပြီး စဖွင့်တာ၊ ခု ဆရာဝန် တာဝန်ကျတော့ လူနာတွေ ကြိတ်ကြိတ်တိုးမိုး အရေးပေါ် ကုတင်လိုအပ်လာလို့ SNA ဖက်က ၁၀ လုံး လှူတာ” လို့ ပြောပါတယ်။

ဒေသတွင်း လိုအပ်ချက်တွေအရ အာဏာပိုင်အဖွဲ့အစည်းတွေ နဲ့ SNA တို့ ပူးပေါင်းကာ တိုက်နယ်ဆေးရုံဖွင့်လှစ်ပြီး မပြည့်စုံမှုတွေနဲ့စတင်လည်ပတ်ခဲ့ကြောင်း၊ လက်ရှိမှာတော့ ပုံမှန်လည်ပတ်နေပြီဖြစ်ကြောင်း စိုင်းအောင်ဇော်ဦးက ဆက်ပြောပါတယ်။

နမ့်တောမြို့ တိုက်နယ်ဆေးရုံမှာ တက်ရောက်တဲ့ လူနာတွေ အများအပြားရှိနေပြီး တခြားသော လိုအပ်ချက်တွေလည်း ရှိနေဆဲဖြစ်ကြောင်း သိရပါတယ်။

မကြာမီ မိုးတွင်းကာလကို ရောက်ရှိတော့မှာ ဖြစ်ပြီး အဲဒီ တိုက်နယ်ဆေးရုံနေရာအချို့ ရေမြှပ်မှုတွေ ဖြစ်ပေါ်တာကြောင့် SNA ဖက်က တာဝန်ယူ၍ မြေသားဖို့ပေးခဲ့သလို ဆေးရုံအတွက် လိုအပ်ချက်တွေကိုလည်း ဆက်လက်ပံ့ပိုးကူညီသွားမယ်လို့ စိုင်းနော်ခမ်းက ပြောကြားထားပါတယ်။

နမ့်တောမြို့နဲ့ အနီးရှိ ကျေးရွာအသီးသီးမှ ဒေသခံတွေအပြင် ရွှေလုပ်ငန်းတွေမှာ လာရောက်လုပ်ကိုင်နေကြတဲ့ ရွေ့ပြောင်းလုပ်သားတွေကလည်း အဲဒီ နမ့်တောတိုက်နယ်ဆေးရုံကို ကျန်းမာရေးအတွက် အားထားနေရတယ်လို့ သိရပါတယ်။

related posts

Leave a Comment